ဩဂုတ်လ ၂၆ ရက်နေ့က နီပေါနိုင်ငံဘက်ခြမ်းတွင် ရွှံ့နွံပြိုကျမှုဖြစ်ပွားခဲ့ခြင်းကြောင့် တရုတ်နိုင်ငံဘက်ခြမ်း ရှီးဇန်း (တိဘက်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရှီဂါဆီမြို့ ၊ ကျီလုံးခရိုင်ရှိ ကျီလုံးနယ်စပ်ဂိတ်တွင် လျှပ်စစ်မီး၊ ဖုန်းလိုင်းနှင့် လမ်းပန်းဆက်သွယ်ရေးများပါ ပြတ်တောက်သွားခဲ့ပြီး လူထိခိုက်သေဆုံးမှုနှင့် ပျောက်ဆုံးမှုများစွာ ဖြစ်ပွားခဲ့ပါသည်။
ဩဂုတ်လ ၂၇ ရက်နေ့ နံနက်စောစောတွင် တရုတ်အမျိုးသားလေကြောင်းလိုင်း (CNAHC) ၏ ပထမဆုံး အရေးပေါ်ကယ်ဆယ်ရေး လေယာဉ်သည် ရှီဂါဆီ တင်းရီလေဆိပ်သို့ ဆိုက်ရောက်ခဲ့ပြီး ၄၈ နာရီအတွင်း China Telecom ၊ China Mobile နှင့် China Unicom တို့သည် နယ်စပ်ဂိတ်ဘက်သို့ ဆက်သွယ်ရေးလိုင်းများ ပြန်လည်ပြင်ဆင်ပေးခဲ့သည့်အပြင် တာဝါတိုင်အသစ်များပါ စိုက်ထူပေးခဲ့ပါသည်။ ထို့အပြင် State Grid လျှပ်စစ်ကော်ပိုရေးရှင်းသည်လည်း မီးလင်းရေးနှင့် လျှပ်စစ်ဓာတ်အားပေးနိုင်ရန် ဓာတ်အားပေးစက် ဒါဇင်ပေါင်းများစွာဖြင့် အမြန်ဆုံး လာရောက်အားဖြည့်ပေးခဲ့ကာ Tencent ၊ ByteDance နှင့် Alibaba စသည့် ပုဂ္ဂလိကကုမ္ပဏီကြီးများမှ ရန်ပုံငွေနှင့် ပစ္စည်းထောက်ပံ့မှုများကိုလည်း တစ်ပြိုင်နက်တည်း စတင်ဆောင်ရွက်ခဲ့ကြပါသည်။
အရေးပေါ်စီမံခန့်ခွဲရေးဝန်ကြီးဌာန၏ စနစ်တကျ ကွပ်ကဲမှုအောက်တွင်ရှိသော အစိုးရပိုင်ကုမ္ပဏီများ၏ ကယ်ဆယ်ရေးတပ်ဖွဲ့များ၊ အစိုးရနှင့် လူမှုအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်သည့် အရေးပေါ်ထောက်ပံ့ရေးကွန်ရက်မှတစ်ဆင့် လှူဒါန်းသည့် လူမှုကူညီရေးပစ္စည်းများနှင့် စီးပွားရေးလုပ်ငန်းများ၏ လှူဒါန်းမှုများသည် အပြန်အလှန် ဟန်ချက်ညီစွာ အားဖြည့်ပေးခဲ့ကြပြီး ကယ်ဆယ်ရေး၊ ဆက်သွယ်ရေးနှင့် ပစ္စည်းထောက်ပံ့ရေးတို့ကို လွှမ်းခြုံနိုင်သည့် ဘက်စုံအရေးပေါ်ကူညီရေးကွန်ရက်တစ်ခု ဖြစ်ပေါ်လာခဲ့ပါသည်။
ဆက်သွယ်ရေးသည် ကယ်ဆယ်ရေး၏ "မျက်စိ" ပမာပင် ဖြစ်ပါသည်။ China Anneng ကယ်ဆယ်ရေးရှေ့ပြေးအဖွဲ့သည် ဒရုန်းများ၊ ဂြိုဟ်တုဆက်သွယ်ရေးစက်များနှင့် ဆက်သွယ်ရေးကိရိယာများကို အသုံးပြု၍ မြစ်ညာဘက်ရှိ ပိတ်ဆို့နေသော ရေကာတာအခြေအနေကို စုံစမ်းစစ်ဆေးခဲ့ပြီး China Power Construction (POWERCHINA) သည်လည်း တရုတ်နိုင်ငံ၏ ပထမဆုံး စွမ်းအင်အင်ဂျင်နီယာသုံး ဂြိုဟ်တုဖြစ်သည့် "POWERCHINA-1" ကို အရေးပေါ်အသုံးပြုကာ သဘာဝဘေးအန္တရာယ်ဖြစ်ပွားပြီးနောက် ပထမဆုံးသော ရေဒါဓာတ်ပုံများကို ရယူခဲ့ပါသည်။ China Telecom သည် လိုင်းအားနည်းသည့် အခြေအနေတွင်ပင် 1080P HD ဗီဒီယိုများကို တိုက်ရိုက်ပြသနိုင်သည့် နည်းပညာဖြင့် ကူညီပေးခဲ့ပါသည်။
ပရော်ဖက်ရှင်နယ် စွမ်းဆောင်ရည်များနှင့် နည်းပညာပိုင်းဆိုင်ရာ စွမ်းဆောင်ရည်များကြောင့် အစိုးရပိုင်ကုမ္ပဏီများသည် ခက်ခဲသောတာဝန်များကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သလို ဘေးအန္တရာယ်ကျရောက်သည့် နေရာ၏ ရုပ်သံများကို တိုက်ရိုက်ကြည့်ရှုနိုင်ခဲ့ပြီး ရေစီးကြောင်း၊ လမ်းကြောင်းအခြေအနေနှင့် လူဦးရေဖြန့်ကျက်မှုတို့ကို ရှင်းလင်းစွာ မြင်တွေ့ရသဖြင့် ဘေးအန္တရာယ်အခြေအနေကို သုံးသပ်ရန်နှင့် နောက်ဆက်တွဲ ရေကန်များကို ရှင်းလင်းရေးအတွက် တိကျသော ဒေတာအချက်အလက်များ ရရှိခဲ့ပါသည်။
သတင်းအချက်အလက် စုဆောင်းနိုင်သည့် 'မျက်စိ' များ တပ်ဆင်ပြီးစီးခဲ့ပြီးနောက် ဒုတိယ အဆင့်အဖြစ် 'အသက်သွေးကြော' လမ်းကြောင်းများကို ပြန်လည် ပြုပြင်ပေးခဲ့ပါသည်။ G216 လမ်းပိုင်းသည် ရွှံ့နွံပြိုကျမှုကြောင့် ပျက်စီးသွားပြီး သွားလာရေး ပြတ်တောက်ခဲ့ရာ ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို များစွာအဟန့်အတား ဖြစ်စေခဲ့ပါသည်။ China Railway ၊ CRCC ၊ CCCC ၊ POWERCHINA ၊ Energy China နှင့် China Yajiang Group စသည့် ကယ်ဆယ်ရေးအဖွဲ့များသည် စက်ကိရိယာ အစီးရေ ၂၆၀ ကျော်ဖြင့် အခင်းဖြစ်ပွားရာနေရာသို့ အမြန်ဆုံး သွားရောက်ခဲ့ကြပါသည်။ PetroChina သည် လမ်းကြောင်းတစ်လျှောက်ရှိ ဓာတ်ဆီဆိုင်များတွင် ကယ်ဆယ်ရေးယာဉ်များအတွက် အရေးပေါ် လမ်းကြောင်းများ ဖွင့်လှစ်ပေးခဲ့ပြီး လောင်စာဆီ တန်ချိန် ရာပေါင်းများစွာကို ကျီလုံးခရိုင်သို့ ပို့ဆောင်ပေးခဲ့သလို Sinopec သည်လည်း အရေးပေါ်ကယ်ဆယ်ရေးအတွက် "ရွေ့လျားဓာတ်ဆီဆိုင်များ" ဖြင့် ကူညီဆောင်ရွက်ပေးခဲ့ပါသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အခြေခံအဆောက်အအုံ ကွန်ရက်ရှိခြင်း၊ ကျွမ်းကျင်စက်ကိရိယာများ စနစ်တကျ ပြင်ဆင်ထားရှိခြင်းနှင့် လျင်မြန်စွာ တုံ့ပြန်နိုင်သည့် စွမ်းရည်များကြောင့် အစိုးရပိုင်ကုမ္ပဏီများသည် လမ်းပန်းဆက်သွယ်ရေးနှင့် စွမ်းအင်စသည့် အဓိကကျသော နေရာများတွင် အစားထိုးမရနိုင်သော အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြပါသည်။
နိုင်ငံအသင်းက ရှေ့တန်းမှ ခက်ခဲသောတာဝန်များကို ထမ်းဆောင်နေချိန်တွင် ပုဂ္ဂလိကလုပ်ငန်းများကလည်း နောက်တန်းမှ ထောက်ပံ့ရေးကွန်ရက်ကို ခိုင်မာအောင် တည်ဆောက်ပေးခဲ့ကြပါသည်။
Tencent Charitable Foundation သည် ပထမအဆင့်အဖြစ် ရန်ပုံငွေ ယွမ် သန်း ၂၀ မတည်ပေးခဲ့ပြီး နီးစပ်ရာဒေသများမှ လူသုံးကုန်ပစ္စည်းများကို ဝယ်ယူ၍ ရှေ့တန်းသို့ ပို့ဆောင်ပေးခဲ့ကာ ByteDance Charitable Foundation ကလည်း ယွမ် သန်း ၂၀ လှူဒါန်းခဲ့ပြီး အရေးပေါ်ပစ္စည်းများ ပို့ဆောင်ရေးကို ကူညီပေးခဲ့သည့်အပြင် ၎င်းတို့၏ ပလက်ဖောင်းများတွင် ပျောက်ဆုံးသူရှာဖွေရေးနှင့် အလှူငွေကောက်ခံရေးကဏ္ဍများကို ဖွင့်လှစ်ပေးခဲ့ပါသည်။
ဤလုပ်ဆောင်ချက်များ၏ နောက်ကွယ်တွင် အမျိုးသား သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနှင့် ကူညီကယ်ဆယ်ရေးရုံး၊ အရေးပေါ်စီမံခန့်ခွဲရေးဝန်ကြီးဌာနတို့က ဦးဆောင်တည်ဆောက်ထားသည့် အစိုးရနှင့် လူမှုအဖွဲ့အစည်း ပူးပေါင်းဆောင်ရွက်ရေး စနစ်တစ်ခု ရှိနေပါသည်။ အစိုးရက ဦးဆောင်၍ ပလက်ဖောင်းတစ်ခု ဖန်တီးပေးပြီး လူမှုအဖွဲ့အစည်းများက ချောမွေ့စွာ ပူးပေါင်းပါဝင်ကာ ဘေးဒုက္ခရောက်နေသော ဒေသများနှင့် တိကျစွာ ချိတ်ဆက်ကူညီပေးနိုင်ခဲ့ပါသည်။
Alibaba သည် လူသုံးကုန်ပစ္စည်း သေတ္တာပေါင်း သောင်းချီကို ပေးပို့ခဲ့သည့်အပြင် ထပ်မံ၍ ယွမ် ၁၀ သန်းလည်း လှူဒါန်းခဲ့ပြီး Meituan သည် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဆေးဝါးပစ္စည်းများ စုဆောင်းကာ ကူညီပေးရန် ပြင်ဆင်ခဲ့ပါသည်။ JD Logistics သည် ကူညီရေးပစ္စည်းများ သယ်ယူပေးရန် ကုန်ကားများစွာကို အခမဲ့ စေလွှတ်ပေးခဲ့သလို Sany Group သည်လည်း အနီးဝန်းကျင်ရှိ ဆောက်လုပ်ရေး စက်ယန္တရားများကို အမြန်ဆုံး စုစည်း၍ အသင့်ပြင်ဆင်ပေးခဲ့ပါသည်။
မပြည့်စုံသေးသော စာရင်းများအရ Xiaomi ၊ Anta ၊ BYD ၊ Pinduoduo နှင့် NetEase တို့က ယွမ် ၁၀ သန်းစီ၊ Yili ၊ NIO ၊ Shuanghui နှင့် FinVolution တို့က ယွမ် ၂ သန်းစီနှင့် ပစ္စည်းများ၊ Jasmine Milk Tea နှင့် Weilong တို့က ယွမ် ၁ သန်းစီ လှူဒါန်းခဲ့ကြပါသည်။
အချိန်နှင့် အပြိုင်လုရသည့် ဤကယ်ဆယ်ရေးတွင် အစိုးရပိုင်ကုမ္ပဏီများ၏ စွမ်းဆောင်ရည်နှင့် ပုဂ္ဂလိကကုမ္ပဏီများ၏ လျင်မြန်ဖျတ်လတ်မှုတို့သည် ပေါင်းစပ်သွားခဲ့ပြီး စနစ်တကျ ကွပ်ကဲမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကြောင့် အရင်းအမြစ်များ လေလွင့်ပြုန်းတီးမှုကို လျှော့ချနိုင်ခဲ့ပြီး စေတနာအလှူအတန်းတိုင်း အလဟဿမဖြစ်ရအောင် ကြိုးပမ်းနိုင်ခဲ့ကြပါသည်။
သတင်းအရင်းအမြစ် : San Li He
#ကျီလုံးနယ်စပ်ဂိတ် #ရွှံ့နွံပြိုကျမှု #ရှီးဇန်း #တိဘက် #Xizang #MFN #MyanmarFutureNews
MFN သတင်းများအားအောက်ပါLink များတွင်လည်းဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
Facebook – https://www.facebook.com/myanmarfuturenewsagency
Telegram – https://t.me/myanmarfuturenews
YouTube - https://www.youtube.com/@MyanmarFutureNews-MFN
评论 (0)