(၂၃) ကြိမ်မြောက် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး (CABIS) ၏ စုံညီအစည်းအဝေးတစ်ခုဖြစ်သည့် တရုတ်-အာဆီယံ စီးပွားရေးခေါင်းဆောင်များ ဖိုရမ်ကို စက်တင်ဘာလ ၁၇ ရက်နေ့က ကွမ်ရှီးပြည်နယ်၊ နန်နင်းမြို့၌ အောင်မြင်စွာ ကျင်းပခဲ့ပါတယ်။
အဆိုပါဖိုရမ်ကို “Synergizing Digital and Intelligent Development, Writing a New Chapter in CAFTA” ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပြီး စီးပွားရေးနှင့် ကုန်သွယ်မှုကို အဓိကလမ်းကြောင်းအဖြစ် ထားရှိရေး၊ AI ကို အဓိကအခန်းကဏ္ဍမှ ပါဝင်စေရေး၊ စီးပွားရေးလုပ်ငန်းများကို အဓိက မဏ္ဍိုင်အဖြစ် ထားရှိရေးနှင့် လက်တွေ့အသုံးချမှုကို ထူးခြားချက်အဖြစ် ဖော်ဆောင်ရေးဟူသည့် အဓိကမူဝါဒများကို ကိုင်စွဲ၍ တက်ရောက်လာသူများသည် ဒေသတွင်း နှစ်ဦးနှစ်ဖက် အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် မူဘောင်သစ်တစ်ရပ်ကို တည်ဆောက်ရန်အတွက် ဒီဂျစ်တယ်-စမတ် ပူးပေါင်းဆောင်ရွက်မှု လမ်းကြောင်းသစ်များကို အတူတကွ ဆွေးနွေးခဲ့ကြပါတယ်။
ဖိုရမ်၌ မြန်မာနိုင်ငံ ဒုတိယသမ္မတ ဦးညိုစော၊ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ CPPCC ကော်မတီ ဥက္ကဋ္ဌ Sun Dawei ၊ တရုတ်နိုင်ငံတကာ ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ (CCPIT) ဒုတိယဥက္ကဋ္ဌ Lin Honghong ၊ တရုတ်-အာဆီယံ စင်တာ အတွင်းရေးမှူးချုပ် Zhang Lizhong နှင့် ဖိလစ်ပိုင် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (တရုတ်-အာဆီယံ စီးပွားရေး ကောင်စီ အလှည့်ကျ သဘာပတိ အဖွဲ့အစည်း) ဥက္ကဋ္ဌ Aguilar တို့ တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့ကြပါတယ်။
ဖိုရမ်သို့ တရုတ်နှင့် အာဆီယံနိုင်ငံများမှ အစိုးရ အရာရှိများ၊ စီးပွားရေးခေါင်းဆောင်များ၊ ကျွမ်းကျင်သူများနှင့် ပညာရှင်များ စုစုပေါင်း ၃၅၀ ခန့် တက်ရောက်ခဲ့ကြကာ ဖွံ့ဖြိုးတိုးတက်မှု မျှော်မှန်းချက်များကို မျှဝေပြီး ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းသစ်များကို သုံးသပ်ဖော်ထုတ်ခဲ့ကြသလို အဆိုပါ အဆင့်မြင့် ဘုံသဘောတူညီချက်သည် တရုတ်-အာဆီယံ စီးပွားရေးနှင့် ကုန်သွယ်ရေး ဆက်ဆံမှု နက်ရှိုင်းစေရန် အရှိန်အဟုန်သစ်များ ထည့်သွင်းပေးနိုင်ခဲ့ပါတယ်။
တရုတ်နိုင်ငံတကာကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ (CCPIT) သုတေသနအဖွဲ့ အကြီးအကဲ Zhao Ping က တရုတ်-အင်္ဂလိပ် နှစ်ဘာသာဖြင့် ထုတ်ဝေသော "ပင်လယ်နှင့် ကုန်းတွင်းပိုင်း ချိတ်ဆက်မှုစမတ်ကွန်ရက် - တရုတ်-အာဆီယံ AI နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ဖြစ်ရပ်မှန် လေ့လာချက်များ (၂၀၂၆)” ကို ဖိုရမ်တွင် တရားဝင် ထုတ်ပြန်ခဲ့ပြီး ဧည့်သည်များအနေဖြင့် လက်ကမ်းစာစောင်အတွင်းရှိ NFC အပြန်အလှန် ဆက်သွယ်မှု နည်းပညာ စာအမှတ်အသားကို အသုံးပြု၍ အဆိုပါ လေ့လာချက်များကို အချိန်နှင့်တပြေးညီ ရယူနိုင်ခဲ့ကြပါတယ်။
အဆိုပါ ဖြစ်ရပ်မှန်လေ့လာချက်များသည်လက်တွေ့မြေပြင်တွင် အကောင်အထည်ဖော်ထားသည့် ရလဒ်များ၊ အတုယူ ကူးယူဆောင်ရွက်နိုင်သည့် အခြေအနေများနှင့် ရှေ့တန်းရောက် AI ပူးပေါင်းဆောင်ရွက်မှု အခင်းအကျင်းများကို အဓိကထားဖော်ပြထားကာ တရုတ်နှင့် အာဆီယံအကြား လက်တွေ့ကျသော AI ပူးပေါင်းဆောင်ရွက်မှု စီမံကိန်း ၃၁ ခုကို စိစစ်ရွေးချယ် ထည့်သွင်းထားပြီး အာဆီယံ ၁၁ နိုင်ငံစလုံးကို အခြေခံအဆောက်အအုံသစ်၊ စမတ်ကုန်ထုတ်လုပ်မှု၊ စမတ်ထောက်ပံ့ပို့ဆောင်ရေး၊ စမတ်စိုက်ပျိုးရေး၊ စမတ်ကျန်းမာရေးစောင့်ရှောက်မှု၊ စမတ်ပညာရေး၊ စမတ်မြို့ပြများနှင့် စမတ်ဘဏ္ဍာရေး ဟူသော ကဏ္ဍကြီး ၈ ခုဖြင့် လွှမ်းခြုံထားပါတယ်။
အထူးသဖြင့် Pinglu တူးမြောင်း၌ AI နည်းပညာသုံး စမတ် သင်္ဘောခရီးစဉ် မောင်းနှင်ရေးဆိုင်ရာ ဘက်စုံ အသုံးချမှု အစီအစဉ်နှင့် လက်တွေ့ ဆောင်ရွက်ချက်များကို ယခု ဖိုရမ်တွင် ပထမဆုံးအကြိမ် ထုတ်ဖော်ပြသခဲ့ပြီး ယင်းသည် သင်္ဘောသွားလာမှု စိစစ်ထိန်းချုပ်ခြင်း၊ စမတ် အန္တရာယ် စီမံခန့်ခွဲခြင်း၊ လုပ်ငန်းလည်ပတ်မှု စီမံခြင်းနှင့် လုံခြုံရေး စောင့်ကြည့်ခြင်း စသည့် ကဏ္ဍများတွင် AI နည်းပညာဖြင့် ဒစ်ဂျစ်တယ် စွမ်းဆောင်ရည် မြှင့်တင်ပေးနိုင်မှုကို ထိရောက်စွာ ပြသနိုင်ခဲ့ပါတယ်။
အဆိုပါ ဖိုရမ်တွင် အထူးနှီးနှောဖလှယ်ပွဲ ၂ ခု ပါဝင်ခဲ့ပြီး ရှေ့တန်းရောက် အကြောင်းအရာများနှင့်ပတ်သက်၍ နက်ရှိုင်းစွာ အမြင်ချင်းဖလှယ်ရန်နှင့် အကြံဉာဏ်များ ရယူရန်အတွက် အာဆီယံ စီးပွားရေးခေါင်းဆောင်များနှင့် တရုတ်နိုင်ငံ၏ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်များကို ဖိတ်ကြား၍ စုစည်းကျင်းပခဲ့ပါတယ်။
“တရုတ်-အာဆီယံ လွတ်လပ်သောကုန်သွယ်မှုဇုန် ၃.၀ စည်းမျဉ်းများအောက်ရှိ ဒေသတွင်းစက်မှုလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု အခင်းအကျင်းသစ်” ဟူသော ခေါင်းစဉ် အောက်တွင် ဒစ်ဂျစ်တယ် စီးပွားရေး၊ အစိမ်းရောင် စီးပွားရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး ကွန်ရက် ချိတ်ဆက်မှု စသည့် ကဏ္ဍများတွင် တရုတ်-အာဆီယံ လွတ်လပ်သော ကုန်သွယ်မှုနယ်မြေ ၃.ဝ (CAFTA 3.0) အဆင့်မြှင့်တင်မှုမှ ရရှိလာမည့် အခွင့်အလမ်းသစ်များနှင့် ပတ်သက်၍ သုံးသပ်အမြင်များကို မျှဝေခဲ့ကြပါတယ်။
ထို့အပြင် "တရုတ်-အာဆီယံ AI ပူးပေါင်းဆောင်ရွက်မှု အနာဂတ်သစ်ကို လက်တွဲ တည်ဆောက်ခြင်း" ခေါင်းစဉ်အောက်တွင် လုပ်ငန်းအကောင်အထည်ဖော်မှု၊ လက်တွေ့အသုံးချပြသမှု၊ နယ်စပ်ဖြတ်ကျော် ပူးပေါင်းညှိနှိုင်းမှုနှင့် စည်းမျဉ်းစည်းကမ်းများ ဟန်ချက်ညီညှိနှိုင်းမှု စသည့် အဓိက အစိတ်အပိုင်းများနှင့် ပတ်သက်၍ နက်ရှိုင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါတယ်။
ထို့ပြင် China International Exhibition Center Group Limited ဒုတိယဥက္ကဋ္ဌ Ma Li က (၅) ကြိမ်မြောက် တရုတ် နိုင်ငံတကာ ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက် မြှင့်တင်ရေးပြပွဲ (CISCE) ဆိုင်ရာ အထူး မိတ်ဆက်ပွဲကို ဆောင်ရွက်ခဲ့ပြီး အာဆီယံ စီးပွားရေး အသိုက်အဝန်းသို့ အဆိုပါ အမျိုးသားအဆင့် ထောက်ပံ့ပို့ဆောင်ရေး ပလတ်ဖောင်းကို မိတ်ဆက်ပေးခဲ့ကာ ဒေသတွင်း စက်မှုဆိုင်ရာ အရင်းအမြစ်များကို ကမ္ဘာ့ ထောက်ပံ့ပို့ဆောင်ရေး ကွန်ရက်နှင့် နက်ရှိုင်းစွာ ချိတ်ဆက်နိုင်ရန် ဆောင်ရွက်ပေးခဲ့ပါတယ်။
တရုတ်-အာဆီယံ စီးပွားရေးခေါင်းဆောင်များ ဖိုရမ်ကို ၂၀၁၀ ပြည့်နှစ်တွင် စတင်ကျင်းပခဲ့သည်မှစ၍ ယခုအခါ အကြိမ် ၁၆ ကြိမ်မြောက် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီးဖြစ်ကာ တရုတ်-အာဆီယံ လွတ်လပ်သော ကုန်သွယ်မှုဇုန် (CAFTA) စတင်ခြင်း၊ တည်ဆောက်ခြင်းနှင့် အဆင့်မြှင့်တင်ခြင်းတို့နှင့်အတူ အစဉ်တစိုက် တိုးတက်လာခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ ဖိုရမ်သည် အစိုးရနှင့် စီးပွားရေးလုပ်ငန်းများကို အစဉ်အမြဲ ချိတ်ဆက်ပေးနေပြီး ဆွေးနွေးမှုများနှင့် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများအတွက် ပလတ်ဖောင်းတစ်ခုအဖြစ် ပါဝင်ဆောင်ရွက်ကာ ဒေသတွင်း စီးပွားရေးနှင့် ကုန်သွယ်ရေး ပေါင်းစည်းမှုကို တွန်းအားပေးလျက် ရှိတယ်လို့လည်း သိရပါတယ်။
#တရုတ်_အာဆီယံစီးပွားရေးခေါင်းဆောင်များဖိုရမ် #ကွမ်ရှီး #နန်နင်း #MFN #MyanmarFutureNews
Photo- CNS
MFN သတင်းများအား အောက်ပါ Link များတွင်လည်းဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
Tiktok - https://www.tiktok.com/@myanmarfuturenews
Telegram –https://t.me/myanmarfuturenews
YouTube - https://www.youtube.com/@MyanmarFutureNews-MFN
评论 (0)