Guiguan Electric Power ၏ အာဆီယံဒေသ၌ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နေသည့် နိုင်ငံများတွင် မြန်မာနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံနှင့် လာအိုနိုင်ငံတို့ ပါဝင်ပြီး မြန်မာနိုင်ငံမှာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ရေအားလျှပ်စစ်စီမံကိန်းအဖြစ် တာပိန်(၁) ရေအားလျှပ်စစ်စီမံကိန်း ပါဝင်ကာ စုစုပေါင်း တပ်ဆင်ထုတ်လုပ်နိုင်စွမ်းအားမှာ ၂၄၀ မဂ္ဂါဝပ် ဖြစ်ပါတယ်။
Guiguan Electric Power အများပိုင်ကုမ္ပဏီလီမိတက်၏ ဒုတိယအထွေထွေမန်နေဂျာက တာပိန်(၁) ရေအားလျှပ်စစ်စီမံကိန်းကို တရုတ်နိုင်ငံ ဒါတန်အုပ်စုက နိုင်ငံရပ်ခြားစီးပွားရေးလုပ်ငန်းများအတွက် ကုမ္ပဏီတစ်ခုကို တည်ထောင်ခဲ့ပြီး နိုင်ငံရပ်ခြားရှိ ရေအားလျှပ်စစ်စီမံကိန်းများ၏ တည်ဆောက်ရေးလုပ်ငန်းများနှင့် နောက်ပိုင်း လည်ပတ်စီမံခန့်ခွဲရေးတာဝန်များကို အဆိုပါ နိုင်ငံရပ်ခြားကုမ္ပဏီထံ လွှဲအပ်ထားကြောင်း ပြောကြားခဲ့ပါတယ်။
“မြန်မာနိုင်ငံနဲ့ လက်ရှိ ပူးပေါင်းဆောင်ရွက်မှုတွေကို ကြည့်မယ်ဆိုရင် စွမ်းအင်ကဏ္ဍမှာ ပိုမိုနက်ရှိုင်းတဲ့ ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းတွေကို ဆက်လက်ရှာဖွေဖို့ မျှော်လင့်ပါတယ်။ မြန်မာနိုင်ငံရဲ့ စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ကုမ္ပဏီအနေနဲ့လည်း အင်အားအပြည့်နဲ့ ပံ့ပိုးကူညီပေးလိုပါတယ်။ တစ်ချိန်တည်းမှာပဲ လက်ရှိပူးပေါင်းဆောင်ရွက်မှုတွေအပေါ် အခြေခံပြီး ပိုမိုနက်ရှိုင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လက်လုပ်ဆောင်နိုင်မယ်လို့လည်း မျှော်လင့်ပါတယ်” လို့ ၎င်းက ပြောကြားခဲ့ပါတယ်။
တရုတ်နိုင်ငံ၏ စွမ်းအင်ကဏ္ဍတွင် ထင်ရှားကျော်ကြားသော ကွမ်ရှီး ကွေ့ကွမ်း လျှပ်စစ်ဓာတ်အားကုမ္ပဏီ (Guangxi Guiguan Electric Power Co., Ltd.) ကို ၁၉၉၂ ခုနှစ် စက်တင်ဘာလတွင် စတင်တည်ထောင်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ် မတ်လတွင် ရှန်ဟိုင်းစတော့အိတ်ချိန်း ၌ A-share စတော့ကုဒ် 600236 ဖြင့် အောင်မြင်စွာ စာရင်းတင်သွင်းနိုင်ခဲ့ကြောင်း၊ ကုမ္ပဏီသည် ရေအားလျှပ်စစ်စက်ရုံအလတ်စားနှင့် အကြီးစားများ တည်ဆောက်ရန်အတွက် ဖက်စပ်စတော့အစုရှယ်ယာ စနစ်ဖြင့် ရန်ပုံငွေ ရယူခဲ့သည့် တရုတ်နိုင်ငံ၏ ပထမဆုံးသော ကုမ္ပဏီ ဖြစ်ကြောင်း သိရပါတယ်။
Guiguan Electric Power ၏ အဓိက စီးပွားရေးလုပ်ငန်းများတွင် ရေအား၊ အပူစွမ်းအင်၊ လေစွမ်းအင်နှင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းဆိုင်ရာ ရင်းနှီးမြှုပ်နှံခြင်း၊ တည်ဆောက်ခြင်း၊ ထုတ်လုပ်ခြင်းနှင့် လည်ပတ်ခြင်းတို့အထိ ပါဝင်ပြီး ဘက်စုံစွမ်းအင်ဝန်ဆောင်မှုများ၊ လျှပ်စစ်ဓာတ်အားပေး စက်ရုံ ပြုပြင်ထိန်းသိမ်းရေးနှင့် နည်းပညာပိုင်းဆိုင်ရာ ဆွေးနွေးတိုင်ပင်ခြင်း ကဲ့သို့သော တန်ဖိုးမြှင့်လုပ်ငန်းများကိုလည်း တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။
၎င်းကုမ္ပဏီသည် စွမ်းအင်စနစ်ပုံစံသစ် (new-type power system) ဖွံ့ဖြိုးတိုးတက်ရေးအတွက် တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိပြီး (၂၀၂၁-၂၀၂၅ ခုနှစ်) ၁၄ ကြိမ်မြောက် ငါးနှစ်စီမံကိန်းကာလအတွင်း စွမ်းအင်သစ်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လုပ်ပိုင်ခွင့်ပမာဏ စုစုပေါင်း ၇ ဒသမ ၉၁ သန်း ကီလိုဝပ်ကို ရရှိခဲ့ကာ စွမ်းအင်သစ်စီမံကိန်းများမှ ၃ ဒသမ ၁၈ သန်း ကီလိုဝပ်ကို အောင်မြင်စွာ စတင်လည်ပတ်နိုင်ခဲ့တဲ့အပြင် တစ်ခုနှင့်တစ်ခု အပြန်အလှန် အထောက်အကူပြုဖြည့်ဆည်းပေးနိုင်သော 'ရေအား-အပူစွမ်းအင်-လေအား-နေရောင်ခြည်စွမ်းအင်သုံး' ပေါင်းစပ်စွမ်းအင်စနစ်ကိုလည်း ဆန်းသစ်တီထွင် တည်ဆောက်နိုင်ခဲ့ကြောင်း သိရပါတယ်။
လက်ရှိတွင် ကုမ္ပဏီ၏ စီးပွားရေးလုပ်ငန်းများကို ကွမ်ရှီး၊ ကွေ့ကျိုး၊ စီချွမ်း၊ ယူနန်၊ ရှန်တုန်း၊ ဟူဘေး၊ ရှန်ရှီးနှင့် တိဗက် အပါအဝင် ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၈ ခုတွင် လွှမ်းခြုံထားပြီး ၂၀၂၅ ခုနှစ်ကုန်အထိ စာရင်းဇယားများအရ ကုမ္ပဏီ၏ စုစုပေါင်း လျှပ်စစ်တပ်ဆင်ထုတ်လုပ်နိုင်မှုပမာဏမှာ ၁၅ ဒသမ၂၃၀၉ သန်း ကီလိုဝပ် ရှိကာ ၎င်းအနက် ၉၁ ဒသမ ၂၇ ရာခိုင်နှုန်းမှာ သန့်ရှင်းသောစွမ်းအင် (clean energy) ဖြစ်ပြီး ကုမ္ပဏီ၏ စုစုပေါင်းပိုင်ဆိုင်မှုတန်ဖိုးမှာ တရုတ်ယွမ်ငွေ ၅၂ ဘီလီယံခန့် ရှိကြောင်းလည်း သိရပါတယ်။
Photo – GP
#GuiguanElectricPower #အာဆီယံ #လျှပ်စစ် #စွမ်းအင် #Guangxi #MFN #MyanmarFutureNews
MFN သတင်းများအား အောက်ပါ Link များတွင်လည်းဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
Tiktok - https://www.tiktok.com/@myanmarfuturenews
Telegram –https://t.me/myanmarfuturenews
YouTube - https://www.youtube.com/@MyanmarFutureNews-MFN
评论 (0)